Monday, 14 March 2016
ကျောက်ဖြူမြို့နယ်တွင် ကျေးရွာပေါင်း ၂၇ ရွာခန့် ရေရှားပါးမှုနှင့် ကြုံတွေ့ရနိုင်ဟု ကျေးလက်ဦးစီးကဆို ကျော်ဝင်း (ကျောက်ဖြူ) နိရဉ္စရာ၊ မတ် ၁၄ ကျောက်ဖြူမြို့နယ်တွင် ကျေးရွာပေါင်း ၂၇ ရွာခန့် ရေရှားပါးမှုနှင့် ကြုံတွေ့ရနိုင်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးတင်မောင် ကပြောသည်။ ”ရေရှားပါးနိုင်ခြေရှိတဲ့ ကျေးရွာက ၂၇ ရွာ ရှိနိုင်ပါတယ်။ ဒီရွာတွေ အတွက် ရေရှားပါးမှု ဆိုးဆိုးရွားရွားဖြစ်လာရင် ကူညီပံ့ပိုးနိုင်အောင် အဆင်သင့် ပြင်ထားပါတယ်။ အခုထိတော့ ရေရှား ပါးမှုကြုံတွေ့ ရတဲ့ ကျေးရွာတွေ မရှိသေးပါဘူး“ဟု ဦးတင်မောင် ကပြောသည်။ ကျောက်ဖြူမြို့နယ်တွင် ကျေးရွာပေါင်း(၂၆၁)ရွာရှိသည့်အနက် ရေရှားပါးနိုင် ခြေရှိသည့် ကျေးရွာပေါင်း (၂၇) ရွာကို ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ စာရင်း ကောက်ခံထားခြင်း ဖြစ်ကြောင်း သိရသည်။ ရေအခက်အခဲ ကြုံနိုင်သည့် ကျေးရွာပေါင်း(၂၇)ရွာ အတွက် စမ့်စမ်းရေ (၁၂)ခု တူးဖော်မည့် အစီအစဉ်နှင့် ယာယီရေလှောင်ကန် ဂါလံ (၅၀၀၀) ဆန့် (၂၇) ကန်၊ ရေစုပ်စက်(၃) လုံး ၊ ရေသန့်စက်(၃)လုံးနှင့် ကလိုရင်းဆေးဝါးတွေကို ပြင်ဆင်ထားပြီး ဘက်ဂျက်ငွေ ကျပ်သိန်း (၁၇၀၀) ကိုလည်းတောင်းခံထားကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ ရေရှားပါးနိုင်ခြေရှိသည့် ကျေးရွာပေါင်း(၂၇) ရွာအထဲတွင် ကားဖြင့် သွား၍ရသော ကျေးရွာများနှင့် ရေလမ်းဖြင့်သွားရောက်ရမည့် ကျေးရွာများလည်းရှိကြောင်း သိရသည်။ ( ယခု ဓာတ်ပုံသည် - ယခင်နှစ် နွေရာသီက စည်မော်ကျေးရွာတွင် ရေရှားသဖြင့် ရေလာလှူနေပုံ ဖြစ်ပါသည်။ ယခုနှစ် ရေရှားပါးနေသော ဓာတ်ပုံ မဟုတ်ပါ။ ရေရှားပါး သတင်းဖြစ်၍ ဆက်စပ် ဓာတ်ပုံကို ပူးတွဲ ဖော်ပြခြင်းသာ ဖြစ်ပါသည်။)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment