https://m.facebook.com/story.php?story_fbid=1147029591983280&substory_index=0&id=536963452989900
Thursday, 17 March 2016
ရခိုင်နိုင်ငံရေးအရှုပ်အထွေးနှင့် လက်မဲကြီးများ ***************************** နေ့စွဲ - 19 – 02 – 2016 ယခုတလော ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံ ( ဖက်ဒရယ် + ဒီမိုကရေစီ + မြန်မာနိုင်ငံ ) ဟူသော အမည်ကို အစိုးရ၊ လွှတ်တော်များနှင့် လူထုမီဒီယာများအကြား အသိအမှတ်ပြု သုံးစွဲလာကြသည်။ ယင်းသည် ပဋိပက္ခအခြေပြု အမည်ပေးစနစ်ဖြင့် မှည့်ခေါ်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် မဖြေရှင်းနိုင်သေးသော အချုပ် ပဋိပက္ခကြီးနှစ်ခု ရှိနေသည်ကို ယင်းအမည်က ထပ်ဟပ်ပြနေသလို ရှိသည်။ (၁) တစ်ခုမှာ ဗမာလူမျိုး အစိုးရအဆက်ဆက်ကတစ်ဖက်၊ တိုင်းရင်းသားလူမျိုးများကတစ်ဖက် ရှိနေသော ပဋိပက္ခသည် ၁၉၄၈ ခုနှစ်ကပင် တည်ရှိလာခဲ့သည်။ တနည်းအားဖြင့် ဖက်ဒရယ်အရေးဖြစ်သည်။ (၂) နောက်တစ်ခုမှာ ၁၉၆၂ ခုနှစ်မှစတင်ကာ စစ်ဘက်လွှမ်းမိုးသော အစိုးရအဆက်ဆက်ကတစ်ဖက်၊ ဗမာနှင့် တိုင်းရင်းသားပေါင်းစုံကတစ်ဖက် ရှိနေသော ဒီမိုကရေစီရေးဖြစ်သည်။ ယင်းသည် နောက်ပိုင်း၌ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးပုံစံသို့အသွင်ပြောင်းလာသည်။ လောလောဆယ်၌ ဤပဋိပက္ခကြီး နှစ်ခုစလုံးကို ပီပြင်ထင်ရှားစွာ တွေ့နေရသည်မှာ ရခိုင့်နိုင်ငံရေး ကွင်းပြင်၌ဖြစ်သည်။ ရခိုင့်နိုင်ငံရေးကွင်းပြင်တွင် အချိန်တိုတွင်း တဟုန်ထိုးပေါ်ထွန်းလာသော ပြသနာကြီး ၃ရပါရှိသည်။ (၃)ရပ်ရှိသည်။ ယဉ်ကျေးမှုမတူ၊ လူမှုရေးမတူ။ ဘာသာရေးမတူသော Cultural Fault Line ပေါ်တွင် နယ်မြေချဲ့ထွင်လိုမှုကို အခြေခံ၍ ဖြစ်ပေါ်လာသည့် ရခိုင်-ဘင်္ဂလီကိစ္စ၊ Geopolitics ကို အခြေခံ၍ ဖြစ်လာသော ကျောက်ဖြူ SEZ နှင့် Sea Port ကိစ္စ၊ Federal တောင်းဆိုမှုကို အခြေခံ၍ ဖြစ်လာသော ရခိုင်တပ်မတော် AA ကိစ္စတို့ ဖြစ်သည်။ တဖန် ဤပြဿနာရှိ ရခိုင်နိုင်ငံရေးကွင်းပြင်တွင် နိုင်ငံရေးအင်အားစုက သုံးခုအပြိုင်ကြဲနေကြပြန်သည်။ နိုင်ငံရေး ပြိုင်ဘက်သုံးဦးမှာ ရခိုင် ANP ပါတီ။ A ဟု ဆိုပါစို့။ ဆုတ်ခွါစပြုနေသော အင်အားစုဟောင်း B ။ ၂၀၁၅ ရွေးကောက်ပွဲဖြင့် တဟုန်ထိုးနိုင်ငံရေးအင်အားကြီးလာသော အင်အားစု C တို့ဖြစ်သည်။ ယင်းတို့သည် အကျိုးစီးပွား ချင်းအားလုံးမတူ (Conflict of interest) ကြသဖြင့် သုံးဦး သုံးဖလှယ်ဆက်ဆံရေးပုံစံတွင် နှစ်ဦးကတစ်ဖက်၊ တစ်ဦးကတစ်ဖက် အထက်ပါ ပဋိပက္ခကြီးနှစ်ခုအပေါ် မူတည်၍ ပူးတုံခွါတုံ ရန်ဖက်ဖြစ်လိုက် မိတ်ဘက်ဖြစ်လိုက် အားပြိုင်နေကြသည်။ ယင်းတို့အထဲတွင် လောလောဆယ်၌ A သည် အင်အားအနည်းဆုံးဖြစ်သည်။ ရခိုင်တို့၏အနေအထား၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ မဟာဗျူဟာရွှေ့ပြောင်းအားပြိုင်မှု၊ အခြေအနေနှင့် အချိန်အခါပံ့ပိုးမှု၊ ဆင်းရဲသော ရခိုင်တို့၏ Social Mobilization လူထုနိုးကြားလှုပ်ရှားမှုတို့ဖြင့် တည်ဆောက်ထားသော အင်အားသာလျှင် A ၌ ရှိသည်။ တနည်းအိမ်ကွင်းအားသာချက်သာ A နှင့် ရှိသည်။ ထို့ကြောင့် A သည် စစ်ဘက်ကဲသော အင်အားစု B၊ နိုင်ငံရေးအင်အားရှိသော C တို့နှင့် ၀ိတ်တန်းညီရေးအတွက် အင်အားဖြည့်တင်းရန်လိုသည်။ ယင်းအင်အားကို A သည် လူထုစည်းလုံးညီညွတ်မှုဖြင့်ပင် ဖြည့်တင်းနိုင်စရာရှိသည်။ ယင်းလိုအပ်ချက်သည် A ရင်ဆိုင်ရမည့် အဓိကစိန်ခေါ်ချက်ဖြစ်သည်။ A သည် ယင်းကိုဖြေရှင်းရာ၌ အခက်အခဲ များစွာနှင့် ကြုံတွေ့နေရသည်။ A သည် ထိုးနှက်ချက်များစွာကြောင့် အင်အားတည်ဆောက်မှု နှောင့်နှေးနေရသည်။ အဘယ်ကြောင့်ဆိုသော် . . . ရခိုင့်နိုင်ငံရေး ကွင်းပြင်တွင် A, B, C တည်းဟူသော စွမ်းအားရှင်ပလေယာ ၃ ဦးသာရှိသည်မဟုတ်။ အဝေးမှထိန်းချုပ်ကစားသူ ကမ္ဘာ့အဆင့် ပလေယာ နှစ်ဦးလည်း ရှိနေပေသေးသည်။ ယင်းတို့ကို ရခိုင်ရာဇဝင်လာ "မျောက်" နှင့် "၀က်" ဟု အမည်ပေးကြမည်။ မျောက်က လက်မြန်ခြေမြန်ရှိသည်။ ရခိုင်သို့ အ၀င်စောသည်။ မျောက်သည် မဟာဗျူဟာ ပြိုင်ဘက် ၀က် ရခိုင်၌ အင်အားကြီးမားလာမည်ကိုမလိုလား။ သို့ဖြင့် ရခိုင့်နိုင်ငံရေးကွင်းပြင်ကို ဒီမိုကရေစီဖော်ဆောင်ရေး၊ Capacity မြှင့်တင်ရေး Line ဖြင့် လွန်ခဲ့သော ၁၀ နှစ်ကျော်ခန့်ကပင် ၀င်လာခဲ့သည်။ ထိုသို့ဝင်နိုင်ရန် C ဖြင့် တွဲချိတ်ရသည်။ သို့သော် မျောက်ရည်ရွယ်ချက်၏ နောက်ကွယ်တွင် ၀က် ထိန်းချုပ်ရေးလိုင်း ပါရှိသည်။ C နှင့် မျောက်တို့၏ လက်မည်းများကို အလွယ်တကူ မြင်နိုင်စွမ်းမရှိချေ။ ကန့်လန့်ကာ နှစ်ထပ် သုံးထပ် နောက်ကွယ်တွင်ရှိသော မျောက်သည် ကန့်လန့်ကာ တစ်ထပ်နောက်တွင်ရှိသော C မှတဆင့် ရခိုင်နိုင်ငံရေးကို ထိန်းချုပ်လိုသည်။ ယင်းတို့၏ ခြေတံလက်တံကို ဖြန့်ကျက် ထားပြီးဖြစ်သည်။ "၀က်" ထိန်းချုပ်ရေးလိုင်းတွင် ရခိုင်တို့၏ အကျိုးစီးပွားထိခိုက်နိုင်သော လိုင်းခွဲတစ်ခုပါသကဲ့သို့ ဒီမိုကရေစီမြှင့်တင်ရေးလိုင်းတွင် ဘင်္ဂလီကုလားတို့နှင့် ပတ်သက် သောရခိုင်တို့၏ အကျိုးစီးပွားကို ထိခိုက်နိုင်သော လိုင်းခွဲငယ်များ ပါရှိသည်။ မျောက်သည် C နှင့်အကျိုးတူသဖြင့် C နှင့်ချိတ်ဆက်၍ ရခိုင်သို့ ၀င်ထားသည်။ မျောက်သည် အနာဂါတ် ရခိုင်ကိုလွှမ်းမိုးချုပ်ထားနိုင်မည့်၎င်းတို့ထိန်းချုပ်နိုင်သည့် အုပ်စုတစ်စုကို ယူရို၊ ဒေါ်လာငွေကြေး သိန်းပေါင်းများ သုံးစွဲပြီး ပျိုးထောင်ထားသည်။ ရခိုင့်မီဒီယာများ၊ CSO များကိုလည်း ငွေကြေးများစွာသုံးစွဲပေးကမ်းခြင်းဖြင့် နောက်ကွယ်မှ ထိန်းချုပ်ပြီး ယင်းတို့၏ ရည်ရွယ်ချက်ကို ဖော်ဆောင်သည်။ မျောက်၏အကူဖြင့် C ၏လက်ဝေခံ အုပ်စုသည် ရခိုင့်နိုင်ငံရေးကွင်းပြင်တွင် "C1" ဆိုသော အင်အားစုတစ်ခုကို မွေးထားသည်။ နောက်ပိုင်းတွင် C1သည် A ထဲသို့ ၀င်ရောက်လာသည်။ ထိုအကြောင်းရင်း များကြောင့် A သည် အင်အား တည်ဆောက်ရေးတွင် ခဲခက်နေခြင်းဖြစ်သည်။ A ခံရသော ထိုးနှက်ချက်များမှာ - ထိုးနှက်ချက် (၁) ---------------- ၂၀၁၀ ရွေးကောက်ပွဲတွင် C1 သည် နောင်အခါ ANP ဖြစ်လာမည့် RNDP ပါတီကို တိုက်ခိုက်ခဲ့သည်။ C1 သည် No Vote လှုံ့ဆော်မှုဖြင့် RNDP မဲရှုံးအောင်လုပ်သည်။ RNDP အထိနာပြီး ရသင့်သည့် အမတ်အရေအတွက် လျော့နည်း သွားခဲ့သည်။ နောက်ပိုင်း ငါးနှစ် ဆက်တိုက် တိုက်ခိုက်နေခဲ့သည်။ ထိုးနှက်ချက် (၂) -------------- ၂၀၁၅ ရွေးကောက်ပွဲတွင် C1 သည် A ထဲ ရှိနေလျက်မှာပင် C2 ဆိုသော ကိုယ်ပွား Proxy ပါတီတစ်ခုကို ရွေးကောက်ပွဲအမီ မွေးထုတ်သည်။ ပြီးလျှင် တွင်း ပြင် နှစ်ဘက် ညှပ်လျက် ANP ပါတီနှင့် ပါတီဥက္ကဌ တို့ကို ပေါ်ပေါ်ထင်ထင်တိုက်ခိုက်ပြီး မဲရှုံးအောင်ဖန်တီးသည်။ ANP အထိနာခဲ့ပြန်သည်။ ထိုးနှက်ချက် (၃) -------------- ၂၀၁၆ ခုနှစ်ဆန်းပိုင်းတွင် အင်အားစု A, B, C တို့သည် ရခိုင်ပြည်နယ် အာဏာရယူရေးအတွက် ခြေပုန်းခုတ်လှုပ်ရှားလာကြသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးတန်ခိုးထွားလာသော C သည် A အားနည်းပဲ့ထွက်လာအောင် C1ကို ထုတ်သုံးလာသည်။ A က စားပွဲဝိုင်းယဉ်ကျေးမှုမလုပ်လျှင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၌ ပါဝင်မည်မဟုတ်ဟု ၁/၂၀၁၆ ကြေညာချက်ထုတ်ပြီး C ကို ခုခံသည်။ C နှင့် C1 က ရခိုင်ဝန်ကြီးရာထူးများကို မက်လုံးပေးခြင်းဖြင့် A အမတ်သစ်များကို လက်တို့ကာနားချစည်းရုံးနေကြသည်။ အထူးသဖြင့် မျောက်အုပ်စုက ဝက် ထိန်းချုပ်ရေးဗျူဟာခင်းထားသော ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင် ဒေသတို့မှ အမတ်သစ်များကို ပစ်မှတ်ထားပြီး ၁/၂၀၁၆ ကို ဆန့်ကျင်ဖေါက်ထွက်ကြရန် စည်းရုံးလျက်ရှိနေသည်။ ဤအကြောင်းခံများကြောင့် ရခိုင်နိုင်ငံရေး ရှုပ်ထွေးလာရခြင်းဖြစ်သည်။ UNA, NB F တို့ ကိစွတို့ လည်းပါဝင်ပက်လာသည်။ တချိန်က ဒီမိုကရေစီရေးတွင် မိတ်ဖက်ဖြစ်ခဲ့သော A နှင့် C တို့သည် ဖက်ဒရယ်အဆင့်တစ်ခုသို့ တိုးမြှင့်ပေးရေးတွင် ကွဲဟလာသောအခါ၌ နဂိုကပင် ရခိုင်၌အထိုင်ရှိပြီးသော B အင်အားစုသည်လည်း ရခိုင်ပြည်နယ်အကြီးအကဲရာထူးကို ချိန်ရွယ်ပြီး A အမတ်သစ်များကို ယခုလောလောဆယ်တွင် လက်သိပ်ထိုးစည်းရုံးလာနေသည်။ အကယ်၍ C သည် A အမတ်သစ်များကို စည်းရုံးမရသောအခြေအနေ သို့မဟုတ် ရခိုင်ကို ကွပ်ကဲထိန်းချုပ်ရန် ခက်ခဲသောအခြေအနေကို ရင်ဆိုင်နေရပြီဆိုပါဆို့။ C သည် ဒီမိုကရေစီဖော်ဆောင်ရေးတွင် ယင်းနှင့်ရန်ဘက်အသွင်ရှိပြီး ဘင်္ဂလီကိစ္စတွင် A နှင့် မဟာမိတ်ဖြစ်နေသော B ထံသို့ ရခိုင်ပြည်နယ်အကြီးအကဲရာထူးအား စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကောင်းမွန်ရန် ထိုးကျွေးလိုက်ရန်သာရှိသည်။ ထိုအခါ ဖက်ဒရယ်ပဋိပက္ခ ဖြေရှင်းရေးသည်ကား….။ ဦးခင်မောင်လတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment