Wednesday, 9 March 2016

သောက်သုံးရေရှားပါးမှု ဖြေရှင်းရေး လူထုအစည်းအဝေး တောင်ကုတ်နယ်တွင် ပြုလုပ်မည် ရွှေရအောင် (တောင်ကုတ်) နိရဉ္စရာ၊ မတ်လ ၈ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တန်းလွဲချောင်းဒေသ ကျေးရွာ အချို့တွင် သောက်သုံးရေ ရှားပါမှု ပြဿနာကို ဖြေရှင်းရန် အတွက် လူထု အစည်းအဝေး တစ်ခုကို မတ်လ ၁၁ ရက်နေ့တွင် ရွာမကျေးရွာတွင် ပြုလုပ် သွားမည်ဟု သိရသည်။ မတ်လ ၇ ရက်နေ့က ပြုလုပ်ခဲ့သော အကြိုအစည်းအဝေးပွဲတစ်ခုတွင် ယင်းသို့ ဆုံးဖြတ်ခဲ့သည်ဟု ရခိုင် သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ကွန်ယက်မှ ကိုဇေယျကျော်က ပြောသည်။ “ ကျွန်တော်တို့ တန်းလွဲချောင်း အုပ်စု ဟာကျေးရွာပေါင်း ၂၀ ကျော်ရှိတဲ့ တိုက်နယ်အုပ်စုလည်း ဖြစ်ပါတယ်။ အဓိက နွေရာသီရေရှား ပါးတဲ့ ကျေးရွာတွေကတော့ လက်ပန်ကျွန်း၊ သက်ကယ်ကျွန်း၊ ကန်ပြင်၊ ကျောက်ဆိတ်တောင် စတဲ့ကျေးရွာတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ ယမန်နှစ်ကလည်း ရေရှားပါးတဲ့ ဒဏ်ကို အကြီးအကျယ် ခံခဲ့ရတယ်။ ဒီနှစ်မှာ ဒီလိုမျိုး မဖြစ်အောင်ဘယ်လို ဆောင်ရွက် ရမလဲဆိုတာကို အဖြေရှာ ဆွေးနွေးကြမှာပါ” ဟု သူက ပြောသည်။ ရခိုင်ပြည်နယ် အစိုးရမှ သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေ့ ရနိုင်သည့် မြို့နယ် များတွင် သောက်ရေကန် ၁၃၁ ကန်ကို မတ်လ ၃၁ ရက်နေ့ကို နောက်ဆုံးထားပြီး တူးဖော်ပေးမည်ဟု ကြေညာသော်လည်း ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်များတွင် တူးဖော်ရန် ကန်တစ်ကန်မှ မပါဝင်ကြောင်း သိရသည်။ တူးဖော်ရန်ကန်များမှာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ပေါက်တော၊ မြေပုံနှင့် မင်းပြားမြို့နယ်တို့ဖြစ်ကြပြီး ပုဏ္ဏားကျွန်းမြို့နယ်တွင် ၂၇ ကန်၊ ကျောက်တော်မြို့နယ်တွင် ၂၀ ကန်၊ မြောက်ဦးမြို့နယ်တွင် ၄ ကန်၊ ရသေ့တောင်မြို့နယ်တွင် ၁၀ ကန်၊ ပေါက်တောမြို့နယ်တွင် ၄၆ ကန်၊ မြေပုံမြို့နယ်တွင် ၁၅ ကန်နှင့် မင်းပြားမြို့နယ်တွင် ၁၀ ကန်တို့ဖြစ်ကြောင်း သိရသည်။ “ ရေရှားနေတာက ကျွန်တော်ဒေသတွေမှာလည်း ရှားပါးနေတယ်။ ဒါပေမယ့် ရေကန် တစ်ကန်မှ တူးဖော်မယ့် အထဲမှာ မပါတော့ ဒီလုပ်ရပ် အပေါ်မှာ ဘယ်လို နားလည်ရမလဲ။ ပြည်နယ် အစိုးရက ခွဲခြားမှုတွေ လုပ်နေသလားလို့ မေးချင်ပါတယ်” ဟု ရမ်းဗြဲဒေသခံ တစ်ဦးက ပြောဆိုသည်။ ယခု အစည်းအဝေးကို တောင်ကုတ်မြို့ ရွာမကျေးရွာ တွင် ပြုလုပ်မည် ဖြစ်ပြီး ရေကန်တူးဖော်ရေး၊ ကိစ္စ၊ ရေရရှိရေးကိစ္စများကို အလေးအနက်ထား ဆွေးနွေးကြမည်ဟု သိရသည်။ “ ကျွန်တော်တို့ ကျေးရွာ ရပ်မိရပ်အနေနဲ့ ဆောင်ရွက်တာပါ့နော်။ သတင်းမီဒီယာ တွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ဖိတ်လည်း ဖိတ်ကြားထားပါတယ်'' ဟု ရွာမကျေးရွာ ကျေးရွာရပ်မိရပ်ဖ တစ်ဦးက ပြောသည်။ ယမန်နှစ်က ရေရှားပါးခဲ့သည့် သက်ကယ်ကျွန်း ကျေးရွာ ဒေသခံ တစ်ဦးကလဲ “ မနှစ်က ဆိုရင် ကျမတို့ ရွာမှာ ရေရှားပါးမှု က တော်တော်လည်းဆိုးဝါးခဲ့ပါတယ်။ ကျမတိုရေ ရရှိဖို့ အတွက် ရေကန် တူးဖော်မှုလည်း မရှိတော့ ပိုခက်တာပေါ့။ ဒီနှစ်လည်း ကန်တူဖော်မှုတွေမတွေ့ ရသေးပါဘူး။ အခုကပဲ ရေက စရှားပါးနေတော့ နွေရာသီ တပေါင်းတန်းခူး ဆိုရင်မလွယ်ဘူးလို့ ထင်ပါတယ်” ဟု ပြောဆိုသည်။ (အောက်ကဓာတ်ပုံမှာ လွန်ခဲ့သောနှစ်က ရိုက်ယူလာခဲ့သော ရမ်းဗြဲမြို့မှ ရေရှားပါးနေပုံ ဖြစ်ပါသည်။)

No comments:

Post a Comment